You

You
Always Beautiful

Friday 20 December 2013

သူငယ်ချင်းထက် မကပို၍

ပျော်ရွှင်စရာအကောင်းဆုံးနဲ့ အလိုက်ဖက်ဆုံး ချစ်သူစုံတွဲအများစုက သူငယ်ချင်းအဆင့်ကစတယ်ဆိုတာတော့ အကြွင်းမဲ့ယုံပါတယ်။ သူငယ်ချင်းဆိုတာ ကိုယ့်ရအားနည်းချက်အားသာချက်တွေကိုသိပီးသားသူဖြစ်နေတာရယ်...ဟန်ဆောင်မှုကင်းမဲ့စွာနဲ့ လွတ်လပ်စွာ ပြောဆိုဆက်ဆံခွင့်တွေကြောင့် တစ်ယောက်ပေါ် တစ်ယောက် ပိုမိုခိုင်မြဲတဲ့ သံယောဇဉ်တွေ တည်ဆောက်နိုင်လာတယ်လေ။ .ဒါပေမယ့် မသေချာမရေရာပဲ အရောင်ဆိုးလိုက်မိရင်တော့ သူငယ်ချင်းကောင်းတစ်ယောက်ပါ ဆုံးရှုံးသွားနိုင်တယ်ဆိုတာ သိစေချင်တယ်။

မထင်မှတ်တဲ့နေ့တစ်နေ့မှာ အချစ်ဆုံးသူငယ်ချင်းပါလို့  သတ်မှတ်လိုက်ခဲ့မိတဲ့ လူတစ်ယောက် ရောက်လာတယ် ။ အသစ်တွေ အဟောင်းဖြစ်၊ အဟောင်းတွေ အသစ်ဖြစ်နဲ့ သံသရာလည်နေတဲ့ ဒီလောကကြီးမှာ နေရာသစ်၊ ပါတ်ဝန်းကျင်အသစ်နဲ့ မိတ်ဆွေသစ်ဖွဲ့ဖို့ ဆိုတာ အချိန်ယူရပါတယ်။ မိတ်ဆွေဟောင်းတွေနဲ့ ဆက်သွယ်ဖို့ရော အချိန်တွေ ဘယ်လောက်ပေးခဲ့ဖူးသလဲ ကိုယ့်ကိုယ်ကို ပြန်သုံးသတ်နေရင်းနဲ့ပဲ... ဒီရှိရင်းဆွဲ ပတ်ဝန်ကျင် ကျဉ်းကျဉ်းလေးမှာပဲ ကျင်လည်နေခဲ့မိတယ်။ အချိန်တွေရဲ့ အပြောင်းအလဲကြောင့် ရှိရင်းဆွဲ သူငယ်ချင်းဟောင်းတွေနဲလည့်း ဆက်ဆံရေး တစ်ဖြေးဖြေး ကျဲလာပါတယ်...နောက်ဆုံးတော့.. အလိုလိုပဲလူ့အဖွဲ့အစည်းတခုရဲ့ အပြင်ဘက်ရောက်လာခဲ့တယ်။ လူတိုင်းကတော့ လိုအပ်လို့ ကိုယ့်စီရောက်လာတာရှိသလို…မလိုအပ်တော့လို့ ထွက်သွားကြတဲ့သူတွေလည်း အများကြီးပါ။ ကိုယ့်ဘ၀ထဲက ထွက်ခွာသွားတဲ့ သူပဲဖြစ်ဖြစ် ၊ ၀င်ရောက်လာတဲ့ သူပဲဖြစ်ဖြစ် သူ့တို့ ကိုယ့်တွက် ခံစားချက်တခုခု (သို့) သင်ယူစရာတစ်ခုခုတော့ပေးခဲ့ပါတယ်။ တချို့က မျှော်လင့်ချက်တွေပေးခဲ့ သလို တချို့က နာကြင်မှုတွေပေးသွားတတ်ကြသေးတယ်လေ။ ယူတတ်ရင် သင်ခန်းစာတွေပါပဲလို ပြောနေကြသော်လည်း  တကယ်လက်တွေ့မှာတော့ ခက်ခဲ့ပါတယ်။  
လူတိုင်း လူတိုင်းမှာ၊ အရင်းနှီးဆုံး၊ အခင်မင်ဆုံး၊ အပွင့်လင်းဆုံး၊ အချစ်ရဆုံးသူငယ်ချင်းဆိုတာ ရှိကြမှာပါ။  ကျမဘ၀မှာလည်း အပွင့်လင်းဆုံး ရင်းနှီးစွာ ရင်ဖွင့်တိုင်ပင်ခဲ့ဖူးတဲ့ အချစ်ရဆုံးလို့လည်း သတ်မှတ်ထားတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးပါတယ်... အချစ်ဆုံး အခင်ရဆုံး သူငယ်ချင်းရှိတယ်ဆိုတာ သိပ်မဆန်းလှပေမယ့် ကျမအတွက်တော့ အဲဒီသူငယ်ချင်းအနားမှာရှိနေခဲ့ဖူးတာ ဆန်းပါတယ်။ သူနဲ့ ကျမက ငယ်သူငယ်ချင်းတွေမှို့ အပွင့်လင်းဆုံး အချစ်ရဆုံးဖြစ်ရတာလားဆိုရင်လည်း မဟုတ်ပြန်ပါဘူး…. သူနဲ့ စတွေ့တဲ့ အချိန်ကတည်းက သူ့ရဲ့အပြုအမှုတွေအားလုံးက တခြားသူငယ်ချင်းတွေနဲ့ ကွားခြားနေတယ်ဆိုတာ သတိထားမိတယ်….သူရဲ့ထူးခြားမှုတွေက ပေါက်ကရလုပ်ချင်းကစပါတယ်….. တစ်နေ့တော့ ဖုန်းသရဲတစ်ကောင်လို ညဉ့်နက်သန်းခေါင် ဖုန်းမက်ဆေ့တွေပို့ပီး ခြောက်လန့်ပါတယ်။ သူညတိုင်း ပို့ပို့လာတဲ့ မက်ဆေ့တွေကတော့ “Have a Bloody Dream”... “Blood Hell” ဆိုတဲ့ ခပ်ကြောင်ကြောင့် ခပ်လန့်လန့် စကားလုံးတွေသုံးပီး..ပေါက်ကရမက်ဆေ့တွေနဲ့ ကျမကိုသွေးပျက်အောင် ညတိုင်းနီးပါး ခြောက်လန့်ခဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ ကျမအနီးအနားမှာရှိတဲ့ သူငယ်ချင်းတွေကို အဲလို ညတိုင်းမက်ဆေ့တွေရနေတယ်ဆိုတဲ့အကြောင်း ဖွင့်ပြောမိပါတယ်။ သူငယ်ချင်းတွေက အဲဒီမက်ဆေ့ကိုသေချာဖက် ပီးတော့ပို့လာတဲ့ဖုန်းနဲ့ပါတ်နဲ့ country code ကို google မှာလိုက်ရှာ…..ဒီလိုနဲ့ ငနဲသားဘယ်နိုင်ငံကနေ ပို့နေတာလည်းဆိုတာသိပါတော့တယ်... မက်ဆေ့နဲ့တင် နှိပ်ဆက်တာမဟုတ်သေးဘူး...ဖုန်းပါခေါ်လာသေးတယ်... မှတ်မှတ်ရရ အခါတိုင်းဆို ကွန်ပျူတာနဲ့ အတူထားလေ့ရှိတဲ့ ဖုန်းက….အဲဒီနေ့မှ အသံကြားပီး ရှာမတွေ့ဖြစ်နေပါသေးရဲ့….အချိန်ကြာကြာဖုန်းမြည်သံကြားပီး ရှာရခက်နေတဲ့ ဖုန်းကို အိပ်ယာပေါ် ခေါင်းအုံးအောက်ကနေ.. တွေ့တွေ့ချင်း ရုပ်တရက် ကိုင်လိုက်မိတယ်…...
“ ဟလို……..”
“နေကောင်းလား…”
“ ဟုတ်”
“စာလိုက်နိုင်လား…”
“ ဟုတ်“
“ဘာတွေလုပ်နေလဲ”
ဆိုတဲ့ မေးခွန်းပေါင်းသောင်းခြောက်ထာင်နဲ့ ကျမမှာ တလုံးမကျန်ပြန်ဖြေခဲ့ဖူးပါတယ်။ ရုတ်တရက် ကျမကောက်ပေးလိုက်မိတယ်…လျှာထပ်ရှည်မိသူသာအမှားပါလေ….
“အခုပြောနေတာဘယ်သူလဲ”
“ဘယ်ကလဲ” လို့မေးတဲ့ အခါမှာ...
“သမီး လေးလေးရယ်လေ... လေးလေး” တဲ့…..အော် ကိုယ့်ဦးလေးကလည်း တခါတလေဖုန်းဆက်ဆက်လာရင် private number လို့ပဲ ဖုန်းပေါ် မှာပေါ်လေ့ရှိတော့ လေးလေးလို့ပဲ ရုပ်တရက် ထင်ခဲ့မိပြန်တယ်….ဒီလိုနဲ့ ဖုန်းဆက်ပြောနေလိုက်သေးတယ်….
“ဟုတ်လေးလေး...သမီးနေကောင်းပါတယ်”
“လေးလေးရော နေကောင်းလား” ဆိုတော့
“ကောင်းတယ် သမီး...ကောင်းတယ်”
တဲ့လေ...ဒီငနဲ့က။ လေးလေးအသံနဲ့ မတူဘူးဆိုတာ သိသော်လည်း လေးလေးနဲ့ စကားမပြောဖြစ်တာကြာနေသော ကျမက ဖုန်းလိုင်းကြောင့် အသံတမျိုး ဖြစ်နေတယ်လို့ပဲ ထင်လိုက်မိတယ်။
နောက်တစ်ပါတ်လောက်နေတော့ ငနဲက အွန်လိုင်းချက်ဘော့စ်မှာ invited လုပ်ထားပါတယ်….အဲဒီအချိန်ထိလည်း လေးလေးပါလို့ပြောပြီး ဖုန်းဆက်ခဲ့သူက သူဆိုတာ မသိခဲ့သေးပါဘူး။ တစ်နေ့တော့ gtalk မှာ offline ဖြစ်နေတဲ့အချိန် ချက်ဘော့စ်ကနေ သူမက်ဆေ့ပို့ထားပါတယ်…
“ ဟေ့... နင့် သူငယ်ချင်း ……..ကို ကတုံးတုံးပီး သီလရှင်ဝတ်ပေးလိုက်” တဲ့. အဲဒီမက်ဆော့ကိုဖတ်ပီး တိတ်ဆိတ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ တစ်ယောက်တည်း အသံဗြဲနဲ့ စိတ်လွတ် ကိုယ်လွတ်အော်ရယ်မိပါတယ်။ အဲလိုနဲ့ပဲ ဘုမသိ ဘမသိနဲ့ လူတစ်ယောက်နဲ့  ခင်မင်မှုရခဲ့တယ်…. သူရဲ့ ပျော်ရွှင်တတ်မှုရယ်...ပွင့်လင်းတတ်မှုရယ်ကို ကျမအလေးထားခဲ့တယ် ပွင့်လင်းတတ်တဲ့ သူရဲ့ စိတ်နေသဘောထားပေါ်မှုတည်ပီး ကျမ သူပေါ် အရမ်းယုံကြည့်ခဲ့မိတယ်။ ပေါတောတော ဆန်တဲ့ သူရဲ့ လုပ်ရပ်တွေရယ်…..လူကြီးမဆန်တဲ့ မာန်မာန ကင်းမဲ့ပီး ပွင့်လင်းတတ်တဲ့ သူရဲ့အပြုအမှုတွေက ကျမရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ဖို့ ဦးတည်လာပါတယ်။ သူ့နဲ့ အပေါင်းအသင်းဖြစ်ရတာ ပျော်တယ်..သူနဲ့ပေါင်းပီး ပေါက်ကရလုပ်ချင်းတွေကိုလည်း နှစ်သက်လာခဲ့တယ်။ သူအတွက်တော့ ကျမက အီးရောင်ဝါး သူငယ်ချင်းတစ်ယောက်ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်....ဒါပေမယ့်.သူကတော့ကျမတွက် အခင်ရဆုံးနဲ့ အချစ်ရဆုံးသူငယ်ချင်းတစ်ယောက်ပါ။ သူကတော့ သတိထားမိချင်မှ ထားမိမှာပါ….အဲအချိန်ကစပီး သူရဲ့ပေါက်ကလုပ်ချင်းတွေက ကျမရဲ့ ဘ၀တစိတ်တပိုင်းမှာ မသိမသာ နေရာယူနေခဲ့ပါတယ်။
အမှန်တော့ သူက အွန်လိုင်းမိဆွေတစ်ယောက်ပါ။ မိတ်ဆွေဖြစ်ခဲ့ကြတဲ့ အချိန်ကလတစ်ခုက တစ်ယောက်နဲ့ တစ်ယောက် ပိုမိုရင်းပီးလာပီး… ပြောမနာဆိုမနာနဲ့ ပွင့်လင်းမှုတွေကစလို့ ကျမတို့ နှစ်ယောက်တွက် ငယ်ငယ်ကတည်းက ပုခုံးဖက်ပီး ကြီးပြင်းပေါင်းသင်းလာခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေသဖွယ် အသွင်ပြောင်းသွားစေခဲ့တယ်လေ။ ဘယ်လိုပဲစပီး တွေ့ခဲ့ ခင်ခဲ့ပါ သူက အပွင့်လင်းဆုံးနဲ့ ဟာသအဖြစ်ဆုံးမိတ်ဆွေတစ်ယောက်ပါ။  သူက တခါမှ ကျမကို အကောင်းမပြောဘူးတဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင်လည်းမှန်ပါတယ်... သူအပြောအဆိုတွေက ကျမတွက် ကြင်နာယုယမှုမရခဲ့ဖူးပေမယ့် သူနဲ့ အတူရှိနေတဲ့ အချိန်တိုင်း ကျမပျော်ခဲ့ပါတယ်….နှစ်ယောက်အတူရယ်စရာတွေရှာကြံပီးတစ်ယောက်ကိုတစ်ယောက်ပျော်အောင် လုပ်ခဲ့ဖူးတယ်…..ကလေးအရမ်းဆန်လွန်းတဲ့ အကွတ်တွေပေမယ့် နှစ်ယောက်လုံးသာယာခဲ့တယ်..ပျော်ရွှင်ခဲ့တယ်…. အဓိတ်ပါယ်မရှိဘူးလို့ အများထင်ထားတဲ့ အသေးအဖွဲ့ ဟာသလေးတွေနဲ့ ကျမတို့ နှစ်ယောက်အတိုင်းမသိပျော်ခဲ့ဖူးတယ်...  တခါတလေ.. ကျမရဲ့ အချိုးမကျတဲံခန္ဒာကိုယ်ရယ်၊ အရပ်ပုတာရယ်၊ နဖူးပြောင်တာရယ်ကသူ့တွက်ဟာသတခုဖြစ်နေတယ်လေ.. တွေ့လိုက်တာနဲ့တချိန်တည်း
“နင့် နဖူးနည်းနည်း ပိုပြောင်လာတယ်နော်”..
“နည်းနည်းလည်း ၀လာတယ် သိလား”
“ လူပါး ပြောတာ”
မခံနိုင်လောက်အောင် ရစရာမရှိအောင် အရမ်းစတတ်နောက်တတ်ပါတယ်။ တခါတလေမှာတော့ သူရဲ့ အပေါင်းအသင်းအသစ်တွေဖြစ်တဲ့.….ခွေး၊ ကြောင်၊ ဋ္ဌင်းတငှက် စသည်..သတ္တာဝါတွေကိုလည်း အလွန်အလွန်စိတ်ဝင်တစား ပြောပြတတ်သူ ဖြစ်ပီး...တခါတလေ သူပျင်းတဲ့အခါ (သို့)
“ ပျင်းလိုက်တာဟာ” လို့
ညည်းလိုက်မိတဲ့အခါ အဲဒီတိရိစ္ဆာန်များ ၏အကြောင်းကို စီကာပါတ်ကုံ အစအဆုံး သူတို့ရဲ့စရိုက်လခဏကစ သူပြောပြပါတယ်။ နေတိုင်းလိုလို သူ့နဲ့ ကျမ စကားဝိုင်းထဲမှာ မပါမဖြစ် နဲ့ သူအနှစ်သက်ဆုံးသော တရိစ္ဆာန်ကတော့ ဋ္ဌင်းတငှက်ပေါ့... သူပြောလေ့ရှိပါတယ်..
    “ဘ၀က လဒလိုပဲ မပြန်ခင်အရင်ပြေးရတယ်ဟ”
ဆိုတာမျိုးလည်း လုပ်တတ်ပါသေးတယ်။ ပြောရရင်တော့ ခပ်ပေါပေါပါ….ပေါဆိုလိုက်ကိုမမှီတာ။
သူငယ်ချင်းလည်း မက ချစ်သူလည်းမဟုတ်တဲ့ ကျမတို့နှစ်ယောက်က...ခံစားချက်တွေကို ဖုံးကွယ်ပီး..ဟန်မပျက်နေခဲ့ကြတယ်။.လူတစ်ယောက်စိတ်က ဘယ်လိုရှိတယ်ဆိုတာ သူ့ ကိုယ့်အပေါ်  ပြုမှု ဆက်ဆံ လုပ်ကိုင်ပေးတဲ့ အရာတွေပေါ် ကြည့်ပီး ဆုံးဖြတ်လို့ရပါတယ်လေ။တချို့ ခံစားချက်တွေကို လစ်လျူရှုခဲ့တာမှန်ပေမယ့်….တချို့ခံစားချက်တွေက ပြောပြစရာမလိုပဲ မျက်ဝန်းထဲမှာပေါ်နေတတ်တယ်လေ….အသိချင်ယောင်ဆောင်….မကြားချင်ယောင်ဆောင်ပီး ခံစားချက်အားလုံးကို မျက်ကွယ်ပြုထားပေမယ့် ခံစားချက်ဆိုတဲ့ အရာမျိုးက ကြာကြာလျိုဝှက်ဖုံးကွယ်ထားလို့ မရတဲ့အရာမျိုးမလား…..စိတ်ခံစားချက်ရဲ့ ဆေ့ဆော်မှုအရ...အမှန်တရားဆိုတာ မကြာခင် ပေါ်လာပါတယ်။  အရိုးသားဆုံး ၀န်ခံပါရမယ်ဆိုရင် သူ့အပေါ်သူငယ်ချင်းတစ်ယောက်ထက် ပို၍ သံယောဇဉ်ရှိနေခြင်းကို ကိုယ့်ကိုယ်ကို သတိမပြုမိတာ အမှန်ပါ။ တခုခုကို ခံစားနေရတယ်ဆိုတဲ့ ခံစားချက်တော့ ခံစားမိပါတယ်...ဒါပေမယ့် ကျမတွက် အဲဒီအရာကြီးကို လက်ခံဖို့ ခက်နေတယ်...၀န်ခံရမှာ ရှက်ခဲ့မိတယ်။ ဒီလိုနဲ့ပဲ တစ်ယောက်ရဲ့ ခံစားချက် တစ်ယောက်ဖုံးကွယ်ရင်း အတုအယောင် သူငယ်ချင်းအဖြစ်နဲ့ ပျော်ရွှင်စွာနေလာခဲ့ကြပါတယ်။ ကံကြမာရဲ့ အချိုးအကွေ့တခုမှာ  ဒီသူငယ်ချင်း နှစ်ယောက်ရဲ့ ဆက်ဆံရေးက အေးစက်လာပါတော့တယ်။
တစ်နေ့တော့ သူစီကအဆက်အသွယ်မရတာကြာတော့...အီးမေးတစ်ဆောင် ကောက်ပီးရေးလိုက်မိပါတယ်….
”Where the hell have you been?”
“Long time no see”
“I hope you are still alive”
ဆိုပီး ပို့လိုက်မိပါတယ်။ ငါ့ကိုတောင် အဆက်အသွယ်လုပ်ဖို့ အချိန်မရှိတာလား နင်ဘာတွေများ အလုပ်များနေလဲ ဆိုတဲ့ ဒေါသစိတ်….သိမ့်ငယ်မှုစိတ်နဲ့ စိတ်မကောင်းဖြစ်မိခဲ့တယ်။ နောက်နေ့တော့ စာပြန်ပါတယ်...
“ ငါအရမ်းအလုပ်များနေလို့ပါ၊ အဲဒါကြောင့် နင့်ကိုမဆက်သွယ်ဖြစ်တာပါ။”
“ ငါက နင့်လို မဟုတ်ဘူးလေဟာ..ငါက worker လေ”
“ ဒီရက်က အဆိုင်းမန့်စ်တွေကလည်း ပိနေတော့ လိုင်းပေါ်လည်းမတက်ဖြစ်ဘူးလေ”
စိတ်မကောင်းအရမ်းဖြစ်ခဲ့ပေမယ့် စိတ်ကိုကြိုးစားထိမ်းထားပီး သူနဲ့ ဆက်ပီးစကားပြောခဲ့တယ်။ နောက်ရက်တွေလည်း သူလိုင်းပေါ်ပေါ်မလာပါဘူး..အခါတိုင်းလိုင်းပေါ်ပေါ်လာချိန်မရရင် ဖုန်းဆက်နေကြပါ။ မနက်စောစောစီးစီး သူအလုပ်သွားတဲ့အချိန် ဖုန်းဆက်ပီး နှိပ်ဆက်နေကြပေါ့......
မနက်တိုင်းဖုန်းခေါ်လာပီး
“ နင် အိပ်နေတာလား”
“ငါကအလုပ်သွားပီး နင့်ကအိပ်နေတုန်းမှို့ ဖုန်းဆက်လိုက်တာ”
“ နင့် အိပ်နေတယ်ဆို ဆက်အိပ် ဆက်အိပ်” တဲ့လေ...တော်တော်လေးချစ်ဖို့ကောင်းပါတယ်။
ဒီလိုနဲ့ပဲ သူအလုပ်အားမဲ့ရက်တွေကိုစောင့်ပီး သူနဲ့ အရင်တုန်းကလိုပဲ ပေါက်ကရတွေပြောပီး ပျော်ခဲ့မိပါသေးတယ်။ ဖြစ်ဖို့အခြေအနေတခုရောက်လာပီဆိုရင် ကံကြမ္မာက မျက်နှာသာမပေးပါဘူး….ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်..ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် အဲဒီအချိန်က ပြောင်းလဲဖို့ဆိုတာ ဖြစ်လာတာပါပဲ…...
ပြောင်းလဲမှုတိုင်းရဲ့နှောက်ကွယ်မှာ အကြောင်းပြချက်တစ်ခုတော့ရှိတယ်ဆိုပေမယ့် အဲဒီအကြောင်းပြချက်ကို  မသိချင်ခဲ့ပါဘူး…. လူတွေရဲ့ ဖြစ်တတ်တဲ့သဘောက ကိုယ်မသိချင်တဲ့အရာတခုကိုမှ သိခွင့်ရကြတယ်လေ….... ဘယ်လို အခြေအနေတွေ အကြောင်းကြောင်းတွေကြောင့်  သူငယ်ချင်းနှစ်ယောက် အဝေးဆုံးမှာအဆက်အသွယ်ပြတ်စွာ ရှိနေကြပေမယ့် ရင်ထဲမှာ တိုက်ဆိုင်မှုရှိတိုင်း သတိတယနဲ့ လွမ်းဆွတ်နေတယ်ဆိုတာ မိမိမှတပါး တခြားသူမသိနိုင်ပါ။ ဘ၀မှာ သူငယ်ချင်းတစ်ယောက်နဲ့ ပါတ်သက်ပီး နောင်တရခဲ့ဖူးတာဆိုလို့ ဒီသူငယ်ချင်း အချစ်ရဆုံး သူငယ်ချင်း တစ်ယောက်ပါပဲ…... သူနဲ့ပါတ်သက်ပီး နောင်တရမိဆုံးကတော့ သူကို သူငယ်ချင်းတစ်ယောက်ထက်ပိုပါတယ်ဆိုတာ ပြောခွင့်မရခဲ့လို့ပါ... သူငယ်ချင်းတစ်ယောက်ထက်ပိုတဲ့ သံယောဇဉ်ရှိနေတဲ့ ကျမရဲ့ အပြုအမှုတွေကို လစ်လျူရှူခဲ့ နိုင်တဲ့ သူ့ကို  စိတ်တိုရင်းနဲ့  မိမိကိုယ့်ကိုသိမ်ငယ်လာပြန်တယ်….
သူငယ်ချင်းဆိုတာ ဘယ်လောက်ပဲ ဝေးဝေး ပြန်တွေ့ကြတဲ့အခါ ခံစားချက်တွေပြောင်းလဲမသွားတတ်ပါဘူးတဲ့…….ကျမတို့ သူငယ်ချင်းနှစ်ယောက်တွက်တော့ ဒီစကားကမှန်မယ်မထင်ပါဘူး…... သူ့ကိုအမြဲတမ်းလိုလို အဆက်အသွယ်လုပ်နေမိသေးတယ်..မသိစိတ်ကတမျိုး သိစိတ်ကတဖုံ...အရှက်တရားကင်းမဲ့စွာ ဆက်သွယ်နေမိပါသေးတယ်။ သူ့ရဲ့ စိမ်းကားတဲ့ တုန့်ပြန်မှုတွေတွေကို နားလည်ခွင့်လွတ်ပေးပီ...အသိညဏ်ကင်းမဲ့တဲ့ ဒီဦးနှောက်နဲ့ အမှတ်မရှိတဲ့ နှလုံးသားက သူ့တွက်နေရာပေးနေတုန်းပဲလေ….အဖြစ်အပျက်တွေအားလုံးက နာကြင်စရာတွေပါ...သိသိနဲ့ မလွန်ဆန်နိုင်ပဲ မိုက်မဲနေသေးတယ်။ ဘာလိုလိုနဲ့ ကျမတို့ နှစ်ယောက် သူငယ်ချင်းအဖြစ်မှ တခါမှမတွေ့ဘူးတဲ့ သူစိမ်းတွေလိုဖြစ်လာတာ ဒီနေ့ဆို တစ်နှစ်ပြည့်ပြီ။ ဒီနေ့ကိုတော့ ဘယ်တော့မှမမေ့ပါဘူး…....မနှစ်ကဒီလိုအချိန်လေးပေါ့ 21.12.2012 ဆိုတာ တကမ္ဘာလုံးလည်း သတိပြုကြတဲ့နေ့ပေါ့. ...ဟိုးလေးတကျော်ကျော်နဲ့ ကမ္ဘာကြီးပျက်မယ်ဆိုပီး လူတိုင်းအာရုံထားနေကြတဲ့နေကြီးတစ်နေ့ပေါ့…. အဲဒီနေ့ကတော့ သူ နဲ့ နောက်ဆုံးဖုန်းအဆက်အသွယ်ရခြင်းပါပဲ…. မထင်မှတ်ပဲ..သူဖုန်းခေါ်လာပီး ပြောပါတယ်..
“ တကယ်လို့ ဘမ္ဘာကြီးတကယ်ပျက်သွားခဲ့ရင် ငါ့ဖုန်းထဲမှာ ကျန်နေတဲ့ ပိုက်ဆံတွေ နှမျှောစရာဖြစ်နေမှာဆိုးလို့..ငါ နင့်စီဖုန်းခေါ်လိုက်တာ”
တဲ့လေ….အဲဒီနေ့က တကယ် ကမ္ဘာကြီးမပျက်ခဲ့ပေမဲ့ ကျမတို့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကမ္ဘာလေးကတော့ ပျက်သွားခဲ့ပါတယ်။

သူနဲ့ ပါတ်သက်တဲ့အရာတွေအားလုံးက အမှတ်ရစရာတွေဖြစ်နေခဲ့ပါတယ်။ တချိန်က ပျော်ရွှင်စရာတွေ အားလုံးက ခုလိုအချိန်မျိုးမှာ ပြန်မရနိုင်တော့တဲ့တွက် ၀မ်းနည်းစရာတွေဖြစ်လာတယ်။ ပျော်ပျော်နေတတ်တဲ့ကျမ .သူနဲ့ ပါတ်သက်တဲ့ အမှတ်ရစရာတွေကို တွေးမိတိုင်း ၀မ်းနည်းမှုတွေနဲ့အတူ ပိုမို အထီးကျန်ဆန်လာတယ်... သူ့ကို ဘယ်တော့မှခွဲမသွားမဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် ကျမယုံကြည်ခဲ့မိခြင်းကလည်း ယုံကြည်မှုတွေကိုအလွဲသုံးစားလုပ်ခံလိုက်ရသလို လဲပြိုသွားတယ်။ ပြောမနာ ဆိုမနာ အပွင့်လင်းဆုံးနဲ့ ဟန်ဟောင်မှုကင်းမဲ့တဲ့ သူငယ်ချင်းအဖြစ် ချစ်ခဲ့တယ်... သူနဲ့ အဆက်အသွယ်မရတော့ပေမဲ့ ရင်ထဲမှာ သူရှိနေမြဲပါပဲ….အရာအားလုံးပီးဆုံးသွားပေမဲ့….ကျမတွက်ကျန်ခဲ့တဲ့အရာတွေကတော့.လူတွေအပေါ် ယုံကြည့်မှုကင်းမဲ့လာခဲ့တယ်….. လူတွေကိုပိုကြောက်တတ်လာတယ်…. အရာရာပေါ် အလေးထားတတ်တဲ့ ကျမအတွက် အရာအားလုံးက နာကြင်မှုတွေဖြစ်လာတယ်…..ဒီအရာတွေအားလုံးက ရုန်းထွက်နေရင်း အိပ်ယာဝင်တိုင်း မျက်ရည်ကျနေဆဲပါ။ နောက်ဆုံး ကျန်ခဲ့သည်မှာ  နာကြင်မှုများသက်သက်သာ။ 



This post is dedicated to my best friend. No matter what, he will be forever my best friend. When the time he understands the reality, he will understand the real feeling.